Breaking News

အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

Views: 121
0 0

ကျောက်ဖြူ၊ ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက်၌ တည်ဆောက်ထားသည့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီက ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ကျောင်းအုပ်ကြီး ဒေါက်တာအောင်မွန်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးတင်ရွှေ တို့က အစိုးရ နည်းပညာကောလိပ်(ကျောက်ဖြူ) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍတွင် မရှိမဖြစ်လိုအပ်လျက်ရှိသော နိုင်ငံတကာအဆင့်မီ အင်ဂျင်နီယာနည်းပညာရှင်များကို မွေးထုတ်ပေးနိုင်မည့် အစိုးရနည်းပညာကောလိပ် တစ်ကျောင်းကို (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရခိုင်ပြည် နယ်တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည့်အတွက် အနာဂတ်အခွင့်အလမ်းများ ပေါ်ထွန်းလာမှုနှင့် အတူ ကျက်သရေမင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ လူငယ်၊လူရွယ်များအနေဖြင့် အင်ဂျင်နီယာ နည်းပညာဘာသာရပ်များကို လေ့လာသင်ယူခွင့် ရရှိစေရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)တွင် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဘာသာရပ် နှင့် စက်မှုအင်ဂျင်နီယာဘာသာရပ် စသည့် အင်ဂျင်နီယာဘာသာရပ် (၃)ခုဖြင့် အင်ဂျင်နီယာနည်းပညာသင်တန်းများဖြစ်သော (B-Tech)ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ကြောင်း၊ (B-Tech) သင်တန်းအား (၄)နှစ်တက်ရောက်သင်ယူပြီးမြောက်ပါက အင်ဂျင်နီယာနည်းပညာဘွဲ့ (Bachelor of Technology) ဘွဲ့ကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများနှင့် ဆရာ၊ဆရာမများက စေတနာ၊ ဝါသနာ၊ အနစ်နာ စသည့် ကောင်းမွန်မြင့်မြတ်သော အရင်းခံစိတ်ဓါတ်များဖြင့် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်ကဖွင့်လှစ်ပေးသည့် အင်ဂျင်နီယာဘာသာရပ်များကို သင်ယူပြီး မိမိအကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ မိမိဒေသ၊ မိမိနိုင်ငံတော်အကျိုးတို့ကို သယ်ပိုးထမ်းဆောင်သွားကြမည့် နှလုံးလှသည့် အတတ်ပညာရှင် နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားလေ့လာသင်ယူသွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်း ပြောကြားပါသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိုင်ငံတော်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ(မဟာဂီတ) အဆိုပြိုင်ပွဲတွင် ဒုတိယဆု၊ ပြည်နယ်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ(မဟာဂီတ)၊ အဆင့်မြင့်(အမျိုးသမီး)တွင် ပထမဆုနှင့် အဆိုပြိုင်ပွဲ(အမျိုးဂုဏ်/ဇာတိဂုဏ်)၊ အဆင့်မြင့်(အမျိုးသမီး) ပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သော A.G.T.I(ပထမနှစ်) ကျောင်းသူ မတင်ညိုပြာအေး အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် Civil, EP, IT ကျောင်းသား၊ ကျောင်းသူများမှ ရခိုင်ရိုးရာအကများ ဖြင့်လည်းကောင်း၊ စာပေနှင့်အနုပညာအသင်းမှ ကျောင်းသား၊ကျောင်းသူများမှ တေးသီချင်းများဖြင့်လည်းကောင်း ကပြသီဆိုဖျော်ဖြေပေးခဲ့ကြပါသည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများသည် အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)ရှိ စာသင်ခန်းများတွင် စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ စာသင်ဆောင်များ၊ Science Lab ခန်း၊ Drawing ခန်း ၊ Library ခန်းနှင့် အလုပ်ရုံများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်